နွားထိုးကြီး၊ နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်၈နာရီကမြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးဖြစ်သည့် ဘီစီဂျီ၊ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်)၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအားမေးခိုင်၊ဆုံဆို့နှင့်ပိုလီယိုကာကွယ်ဆေး(အိုင်ပီဗွီ)စသည့် ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးခဲ့သည်။
အဆိုပါပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကိုမြို့ပေါ်(၈)ရပ်ကွက်အတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာန၏လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)