နမ့်ဆန်၌ မြို့နယ်အဆင့် ကျန်းမာရေးလုပ်ငန်းအဖွဲ့ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီဖွဲ့စည်းခြင်း အစည်အဝေးကျင်းပ

နမ့်ဆန် ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးရုံး၌ မြို့နယ်အဆင့် ကျန်းမာရေးလုပ်ငန်းအဖွဲ့ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်သည်။

အစည်းအဝေးတွင် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး Dr.ထက်ဖြိုးဝေက မြို့နယ်အဆင့်ကျန်းမာရေးလုပ်ငန်းအဖွဲ့ ပေါင်းစပ် ညှိနှိုင်းမှု ကော်မတီ ဖွဲ့စည်းရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဦးက ဖြည့်စွက်ရှင်းလင်းသည်။ ထို့နောက် ဖွဲ့စည်းပုံအရ အစည်းအဝေးတက်ရောက်လာသူများမှ မြို့နယ်အဆင့် ကျန်းမာရေး လုပ်ငန်းအဖွဲ့ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီအဖွဲ့ကို အောင်မြင်စွာ ရွေးချယ် တင်မြှောက်ကြခဲ့ကြသည်။

အစည်းအဝေးတွင် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦး နှင့် ဌာနဆိုင်ရာများ လူမှုအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများတို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)