မြစ်ကြီးနား မတ် ၂၇
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်၊ ကမ်းနားလမ်း (ဝိုင်းမော်ကူးတို့ဆိပ်မှ နိုင်ငံ့ဂုဏ်ရည်လမ်း)အထိ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါလမ်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြစ်ကြီးနားမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးခဲ့သည့် (၁၃၅၀ပေ x ၂၂ပေ) နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာအခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက နိုင်လွန်ကတ္တရာလမ်းသစ်ဆောင်ရွက်ခဲ့မှုနှင့် စည်ပင်သာယာရေးအဖွဲ့၏ လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ရပ်ကွက်နေပြည်သူတစ်ဦးက လမ်းသစ်ရရှိသည့်အတွက် ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် လမ်းသစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်ဆန်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးချစ်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ဘင်ခရာတပ်ဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းဖွင့်ပွဲတွင် ပါဝင်ကူညီခဲ့သည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဘင်ခရာအဖွဲ့တို့အတွက် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်သော နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အသင့်စားသုံးနိုင်သော အမယ်(၈)မျိုးပါ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ငွေကျပ်သိန်း (၁၀၀၀)၊ အစားအသောက်နှင့် ဆေးဝါးများအား တပ်ဖွဲ့ဝင် ဦးရေ(၁၀၀၀)ဦးတို့အတွက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များအား ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်မှုများကို စဉ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ ဝန်ကြီးဌာနများအလိုက် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တပ်ဖွဲ့ဝင်ဦးရေ (၁၀၀၀)ဦးတို့အတွက် ငွေကျပ်သိန်း (၁၀၀)တန်ဖိုးရှိ အမယ်စုံ(၈)မျိုးပါအသင့်စားစားသောက်ဖွယ်ရာများကို မြစ်ကြီးနားတပ်နယ်မှူးဗိုလ်မှူးချုပ်တင်ထွန်း ထံလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့များအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ငွေကျပ်သိန်း (၁၀၀၀)ကို တိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေး ထံလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးခဲ့ကြပြီးတိုင်းမှူးက ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသင့်စား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်မှုအတွက် ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်