မြစ်ကြီးနား မတ် ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် မတ် ၁၈ ရက်နေ့က (၇)ကြာဖွင့်လှစ်ခဲ့သည့် စတင်ဖွင့်လှစ်ခဲ့သည် ဓာတ်ပုံ/ဗီဒီယိုအခြေခံရိုက်ကူးတည်းဖြတ်ခြင်း သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ် သည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့မျက်မှောက်ခေတ်တွင် သတင်းအချက်နှင့်နည်းပညာများကို အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် Digital နည်းပညာများကို အသုံးပြုကာ မိမိတို့၏ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ အောင်မြင်ရေးအတွက် သတင်းအချက်အလက်များ မီဒီယာနည်းလမ်းမျိုးစုံမှတစ်ဆင့် ရယူအသုံးပြုလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ယခုလို Digital နည်းပညာအခြေပြု လူထုဆက်သွယ်ရေးနည်းလမ်းများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖျော်ဖြေရေးနှင့် အခြားလူမှုဆက်သွယ်ရေးလုပ်ငန်းများအပေါ် အကျိုး သက်ရောက်စေသည့် ဗီဒီယို၊ ဓာတ်ပုံများကို တတ်သိနားလည်ဖို့ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ကျော်ထက်က သင်တန်းဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ သင်တန်းနည်းပြတစ်ဦးက သင်တန်းတွင် အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်းသင်တန်းအတွက် ဆုများရွေးချယ်ပေးအပ်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးများက ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးတည်းဖြတ်သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသော သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အထက်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ ဆရာ၊ဆရာမများအနေဖြင့် စဉ်ဆက်မပြတ် စွမ်းဆောင်ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားသင်ယူမှုဆိုင်ရာ အလေ့အကျင့်များရရှိစေသည့်အပြင် ယနေ့သင်တန်းမှအတွေ့အကြုံများကို သင်ကြားရေးလုပ်ငန်းများတွင် ပိုမိုထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် အရည်အချင်းပြည့်ဝသည့် အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်