ဒေါပုံ မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဒေါပုံမြို့နယ်အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းများတွင် သင်ကြားပေးခဲ့ကြသည့် နည်းပြများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ရာ နည်းပြတစ်ဦးက ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ ယင်းနောက် မြန်မာ့ရိုးရာခြင်းသရုပ်ပြအဖွဲ့၊ တိုက်ကွမ်ဒိုသရုပ်ပြအဖွဲ့နှင့် ဝူရှူးသရုပ်ပြအဖွဲ့တို့က သရုပ်ပြဖျော်ဖြေခဲ့ကြပါသည်။
ထို့နောက် ပိုက်ကျော်ခြင်းသင်တန်းဆင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိခဲ့ကြသည့်အဖွဲ့များနှင့် သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုများနှင့် ထပ်ဆောင်းချီးမြှင့်ငွေများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)