ချမ်းအေးသာစံ မတ် ၂၇
မန္တလေးတိုင်းဒေသကြီးတွင် ကျေးလက်ဒေသနေပြည်သူများနှင့်တိုင်းရင်းသား ပြည်သူများ၏ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပုဂံလူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲနှင့် ညစာစားပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာ ဝန်ကြီးဦးသိန်းဌေးက အဖွင့်အမှာ စကားပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တိုင်းဒေသကြီး စာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြှင့်တင်ရေးတို့အတွက် များစွာအထောက်အကူပြုသည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အစီအစဉ်များအား ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ် မြောက်ရေးလုပ်ငန်းဆောင်ရွက်သည့် ရည်ရွယ်ချက်များအတိုင်း ထိရောက်အောင်မြင်အောင် အလေးထားကာ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ခရိုင်/မြို့နယ် လုပ်ငန်းကြီးကြပ်မှုကော်မတီဖွဲ့စည်း၍ ကဏ္ဍများအလိုက် ဆောင်ရွက်နေမှု၊ စာတတ်မြောက်ရေးလုပ်ငန်းအကောင် အထည်ဖော်လုပ်ငန်း ကာလ၊ စာသင်သားစာရင်းကောက်ယူထားရှိမှု၊ စာသင်ဝိုင်းများခွဲဝေ သတ်မှတ်ထားမှုတို့အား ရှင်းလင်းတင်ပြကြရာ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။
၎င်းနောက် ပုဂံလူရည်ချွန် အပန်းဖြေစခန်းဖွင့်ပွဲနှင့် ညစာစားပွဲ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက နိုင်ငံတော်က လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော ကျောင်းသားကျောင်းသူများ၏ ပညာရည်မြင့်မားရေး၊ နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအနက် ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သူများပေါ်ထွန်းလာစေရေးတို့အတွက် လူရည်ချွန်များကိုရွေး ချယ်၍ ဂုဏ်ပြုသည့်အစီအစဉ်များကို ဆောင်ရွက်ပေးနေမှုများနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ဆက်လက်၍ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီ တို့မှတာဝန်ရှိသူများက မန္တလေး ရပ်နားတည်းခိုကြားစခန်းမှ အင်းလေး၊ ပုဂံ၊ ငွေဆောင်အပန်းဖြေစခန်းများသို့ သတ်မှတ်ရက်အချိန်မီ အဆင်ပြေချောမွေ့စွာ ရောက်ရှိရေး၊ နေထိုင်သွားလာစားသောက်မှုအခက်အခဲမရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေးတို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြပြီး အစိုးရအဖွဲ့ ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားကာလိုအပ် သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်