ချီဖွေ မတ် ၂၇
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ချီဖွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ တရားမဝင်မီဒီယာများ၏ Online ပေါ်တွင် ကောလာဟလလုပ်ကြံသတင်းများ လှုံ့ဆော်နေသကဲ့သို့ စိုးရိမ်ကြောင့်ကြမှု မဖြစ်စေလိုကြောင်း၊ အကျုံးဝင်သူတွေကို မှတ်ပုံတင်ထားမည်ဖြစ်ပြီး ချက်ခြင်းလက်ငင်း အကျုံးဝင်သူ အားလုံးခေါ်ယူမည် မဟုတ်ပါကြောင်း ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်အောင်နိုင်ထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အကျယ်တဝင့် အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)