ပုသိမ်ကြီးမြို့နယ်တွင် လယ်ယာမြေများ ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့် အသုံးမပြုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပုသိမ်ကြီး မတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေက လယ်ယာမြေကို ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ (Sop) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အတွင်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားမှုအား ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင် ကြေညာသွားရန်၊ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၈)ရက် နောက်ပိုင်း လယ်ယာမြေများပေါ်တွင် အဆောက်အဦများ၊ ဝန်းခတ်ခြင်း၊ မြေဖို့ခြင်းများ ထပ်မံတိုးချဲ့ခြင်းများ ဆောင်ရွက်သည်ကို တွေ့ရှိပါက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ တားမြစ်ဆောင်ရွက်သွားရန်နှင့် လိုက်နာမှုမရှိပါက အထက်ဌာနအဆင့်ဆင့်သို့ တင်ပြရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိရန်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဇော်လင်းက လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အဦများ ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ စောင့်ကြည့်အဖွဲ့များ ဖွဲ့စည်းပြီးဖြစ်ကာ (၂၀၁၂) ခုနှစ် လယ်ယာမြေဥပဒေပါ အချက်အလက်များကို လိုက်နာရန်လိုကြောင်း၊ တရားမဝင် ဆောင်ရွက်နေမှုများအား စောင့်ကြည့်အဖွဲ့မှ သတင်းရယူ၍ တင်ပြရန်ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား လယ်ယာမြေများကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ (Sop) နှင့် ပတ်သက်၍ မြေပြင်တွင် ဆောင်ရွက်ရန် ကိစ္စရပ်များအား ရှင်းလင်းကာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စများကို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)