ဥတ္တရသီရိ မတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်များ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဦးစီးအရာရှိ ဒေါ်မြစန်းရီ၊ နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုနှင့် ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားရေးအတွက် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာက ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားပြီး ဆွေးနွေးပွဲသို့တက်ရောက် လာသည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယု၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စာကြည့်တိုက် ကော်မတီဝင် များက စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာတို့က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်ရမည့်အချက်များအား ပြန်လည်ဆွေးနွေးကာ စာရေးဆရာ စိုးတင့်(ဧရာဝတီ) ရေးသားသော ကံကံ၏အကျိုးပေးနှင့် ဖြစ်ရပ်မှန် ဝတ္ထုတိုများစာအုပ်ကိုစာကြည့်တိုက် ကော်မတီဝင်များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်းမျိုးဝင်း(ပြန်/ဆက်)