မိုင်းဆတ်မြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

မိုင်းဆတ် မတ် ၂၇

၂၀၂၄ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (အကြို) အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

နွေရာသီကာလ ကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ စာစီစာကုံးရေးသားရာတွင် ကျွမ်းကျင်ပိုင်နိုင်ပြီး ဉာဏ်ရည်၊ ဉာဏ်သွေးများ ပိုမိုထက်မြတ်ကောင်းမွန်စေရန်၊ ဗဟုသုတပိုမိုတိုးပွားလာစေရန်၊ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အစဉ်အောက်မေ့သတိတရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)