ကျိုက်ထို မတ် ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတော်အစိုးရမှချီးမြှင့်သည့် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဘွဲ့တံဆိပ်တော်ရ မေတ္တာဝါဒီကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော်ဒေါက်တာဘဒ္ဒန္တသုမင်္ဂလအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော် ဒေါက်တာဘဒ္ဒန္တသုမင်္ဂလ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်း၊ ပြည်ပ သာသနာပြု နယ်လှည့်ဓမ္မကထိက၊ သာသနဓဇဓမ္မာစရိယ၊ သာသနတက္ကသီလဓမ္မာစရိယ၊ သာသနတက္ကသီလမဟာဓမ္မာစရိယ (B.A-Buddhism)၊ (M.A-Buddhism)၊ (M.A-Srilanka)၊ (Ph.D-India) အရှင်သူမြတ်အား ကျိုက်ထိုမြို့တွင်း၌လှည့်လည် အပူဇော်ခံပြီး ဆရာတော်အရှင်သူမြတ်တို့ အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ သိက္ခာထပ်မင်္ဂလာပြုလုပ်၍ ဘိသေက မင်္ဂလာရေစင်သွန်းလောင်းကာ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဆက်ကပ်လှူဒါန်းချီးမြှင့်သော (မဟာသဒ္ဓမ္မဇောတိကဓဇ) ဘွဲ့တံဆိပ်တော်အား ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဦးမှ ဆက်ကပ်လှူဒါန်း ချီးမြှင့်ပြီး ဆရာတော်အရှင်သူမြတ်မှ ဩဝါဒကထာ စကားချီးမြှင့်ကာ အနုမောဒနာ တရားတော်ကို နာယူပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)