ဒဂုံမြောက် မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ၁၃၈၄ - ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနိကာယ်၊ ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာ၊ သီလရှင်များစူဠဘွဲ့နှင်းသဘင် စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်ပွဲကို (၄၂) ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားအား နမောဒဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ် ဩဝါဒစရိယ သာသနာ့ဇောတိကကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ နေမ္မိန္ဒထံမှ ဩဝါဒကထာမိန့်ကြားမှုကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက စူဠဘွဲ့နှင်းသဘင်ပွဲနှင့် အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲများ ဖြစ်မြောက်ရေးအတွက်သာသနာရေး ဆိုင်ရာများလျှောက်ထားတင်ပြခဲ့သည်။
ထို့နောက် အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တပဏ္ဍိစ္စမှ စူဠဘွဲ့နှင်းသဘင်ဆု ဆက်ကပ်လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာများအား လျှောက်ထားတင်ပြသည်။
ဆက်လက်၍ မြို့နယ်သံဃနာယကဉက္ကဋ္ဌ (ရွှေကျင်) မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမာ ဘိဝံသထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအနုမောဒနာတရား နာကြားကြပြီး စာအောင်သံဃာနှင့် သီလရှင်များအားတာဝန်ရှိသူများက စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်ခဲ့ကြသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ၁၃၈၄ - ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနိကာယ်၊ ပါဠိပထမပြန်စာမေးပွဲများတွင် သံဃာနှင့်သီလရှင် (၂၀၇) ပါး အောင်မြင်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ