ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြပွဲနှင့် ပညာပေးဟောပြောပွဲဆောင်ရွက်

ဒဂုံတောင် မတ် ၂၆

မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အ‌ရှေ့ပိုင်းခရိုင် ကုန်းလမ်းပို့‌ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းတို့ ဆောင်ရွက်ကြောင်း သတင်းရရှိသည်။

ဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားသို့ အ‌ရှေ့ပိုင်းခရိုင် ကုန်းလမ်းပို့‌ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အရာထမ်း၊ အမှုထမ်း (၅၀) ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်သူနှင့် တပ်ဖွဲ့ဝင်များ တက်‌ရောက်ကြသည်။

ဟောပြာရာတွင် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးနည်းလမ်းများကို အကျယ်တဝင့် ဟောပြောအသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်ကြသူများအား ဂက်(စ်)မီးဖို၏ မီးတောက်မီးလျှံများအား မီးငြှိမ်းသတ်နည်းများ၊ စက်သုံးဆီများ မီးလောင်ကျွမ်းမှုအပေါ် ငြှိမ်းသတ်မှုနည်းလမ်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ပုံတို့အား အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ သရုပ်ပြဆောင်ရွက်‌ပေးကြောင်း သတင်းရရှိသည်။

သန်းသန်းအေး