ငါန်းဇွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

ငါန်းဇွန် ၊ နိုဝင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ယမန်နေ့ နံနက် ၁၀နာရီခွဲမှ မွန်းတည့် ၁၂နာရီအထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၀ပြည်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ လုပ်ငန်းညှိနှိုင်းဆွေနွေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ကျ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို ရွေးကောက်ပွဲမတိုင်မီ ကြီးကြပ် ဆောင်ရွက်ကြရန်၊ မဲရုံများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေးအတွက် လိုအပ်သည့် အခန်းကဏ္ဍအလိုက် ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးဝင်းက ကြိုတင်ဆန္ဒပေးနေမှုအခြေအနေ၊ မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေနှင့် မြို့နယ်အတွင်းရှိ မဲရုံများတွင် ဌာနဆိုင်ရာများ ပူပေါင်း ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းဝင်းက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အထူးရဲများကို မဲရုံများအလိုက် တာဝန်ပေးအပ်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ နယ်မြေရဲ စခန်းများနှင့် ရဲကင်းစခန်းများမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ရှင်းလင်း ပြောကြားပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ တာဝန်ကျမဲရုံများ၌ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအလိုက် ဆွေးနွေး မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ငါန်းဇွန်မြို့နယ်အတွင်းရှိ ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၄)အုပ်စု၌ မဲရုံ (၁၄၂)ရုံ၊ မဲဆန္ဒရှင် စုစုပေါင်း(၁၁၁၇၀၇)ဦးရှိပြီး နိုဝင်ဘာ(၈)ရက်နေ့ နံနက် (၆)နာရီမှ ညနေ (၄)နာရီအထိ မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးခွင့် ပြုသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)