သန်လျင်မြို့နယ်မှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိသူများအားဂုဏ်ပြုပူဇော်

ရန်ကုန် မတ် ၂၆

သန်လျင်ခရိုင် သန်လျင်မြို့နယ်မှ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်နှစ်ဦးတို့အား ကြိုဆိုပင့်ဆောင်ပူဇော်ပွဲကို ယနေ့နံနက်တွင် ကျင်းပခဲ့သည်။

အစီအစဉ်အရ ဘွဲ့ခံဆရာတော်များ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား မင်္ဂလာစည်တော်၊ ဒေဝါဝင်း၊ ရာဇာဝင်းများခင်း၍ မြို့တစ်ပတ်လှည့်လည်ပူဇော်ကြသည်။ ထို့နောက် သာသနာ့ဗိမာန်ကြီးတွင် ဂုဏ်ပြုပူဇော်ပွဲကိုဆက်လက်ကျင်းပရာ အခမ်းအနားအား ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ကရင်ဆိပ်ကျောင်းဆရာတော်ထံမှ သီလခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဘွဲ့ခံဆရာတော်ကြီးများ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးအပ်ကြသည်။ ယင်းနောက် မင်္ဂလာရတုပိုဒ်စုံ၊ ရှစ်ဆယ်ပေါ်တေးထပ်၊ အောင်သြဘာစာများဖြင့် အနုပညာရှင်များက သီဆိုပူဇော်ကြသည်။ ဆက်လက်၍ ချမ်းမြေ့သာယာအေးစာသင်တိုက်ဆရာတော်ထံမှ ရေစက်ချတရားနာယူကြသည်။

ယခုနှစ်တွင် သန်လျင်မြို့နယ်မှ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သုံးပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ နှစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇတစ်ပါး၊ ကမ္မဌာနစရိယတစ်ပါး၊ ဂန္တဝါစကပဏ္ဍိတသီလရှင်တစ်ပါး၊ သုဓမ္မမဏိဇောတဓရနှင့် သုဓမ္မသိင်္ဂီလူပုဂ္ဂိုလ်နှစ်ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုပူဇော်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)