မော်လမြိုင် မတ် ၂၆
မွန်ပြည်နယ်တွင် နေလှန်းဆားကြမ်းများကို သြဂုတ်လမှစတင်၍ ဆားထုတ်လုပ်ရန် ပြင်ဆင်ဆောင်ရွက်ရပြီး ဇန်နဝါရီလမှစတင်ကာ ဆားကြမ်းများစတင်ထွက်ရှိ၍ ယခုမတ်လတွင် ပိုမိုထုတ်လုပ်နိုင်ကာ မေလဆန်းပိုင်းအထိ လုပ်ကိုင်ကြသည်။
မွန်ပြည်နယ်မှ ထွက်ရှိသော နေလှန်းဆားကြမ်းများကို ငါးပိ၊ ငါးခြောက်လုပ်ငန်းများမှ အသုံးပြုမှုများခြင်းကြောင့် အရောင်းအဝယ်ကောင်းမွန်လျက်ရှိပြီး ပြည်နယ်အတွင်း ဆားထုတ်လုပ်ကွင်းပေါင်း(၉၀)မှ ယခုနှစ် ဆားထုတ်လုပ် တစ်ရာသီတွင် ဆားတန်ချိန် (၅၀၀၀၀) ကျော်ထွက်ရှိရန် ခန့်မှန်းထားကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းဌာနခွဲမှ ပြည်နယ်ဦးစီးမှူး ဦးခင်ဝင်းထံမှ သိရသည်။
ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် ရာသီဥတုကောင်းမွန်သောကြောင့် ဆားအထွက်နှုန်း ပြည့်မီသည့်အပြင် အရည်အသွေးကောင်းမွန်းမှုတို့ကြောင့် ဖေဖော်ဝါရီလက ဆားကြမ်းတစ်ပိဿာလျှင် ငွေကျပ် ၁၈၅ ကျပ်အထိ စျေးကောင်းရရှိခဲ့ပြီး ယခုလတွင် ငွေကျပ် ၁၆၀ ဝန်းကျင်သာရရှိကြောင်း၊ စျေးကွက်တွင်လည်း ရောင်းအားကောင်းမွန်လာ၍ တနင်္သာရီ၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးများနှင့် မွန်၊ ကရင်ပြည်နယ်များအပြင်အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ