မော်လမြိုင် - ရန်ကုန် ရထားလမ်းပိုင်းကို ခရီးစဥ်များပြန်လည်ပြေးဆွဲနေပြီဖြစ်

မော်လမြိုင် မတ် ၂၆

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းကို ပြုပြင်ပြီးဖြစ်သည့်အတွက် မတ်လ ၂၅ ရက်နေ့မှစတင်ကာ ရထားခရီးစဥ်များကို ပြန်လည်ပြေးဆွဲနေပြီးဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။

မော်လမြိုင်ဘူတာကြီးမှ အမှတ်(၈၂)အစုန်ရထားသည်  နံနက်  ၈ နာရီ  ၃၀  မိနစ်တွင်လည်းကောင်း၊ အမှတ်(၈၁)အဆန်ရထား ရန်ကုန်-မော်လမြိုင်ကို  နံနက်  ၆  နာရီ  ၃၀ မိနစ်တွင်လည်းကောင်းထွက်ခွာပြီး မော်လမြိုင်ဘူတာကြီးမှ အထက်တန်းခရီးသည် ၄၁ ဦး၊ ရိုးရိုးတန်ခရီးသည် ၄၉ ဦး စုစုပေါင်း ခရီးသည် ၉၀ ဦး လိုက်ပါစီးနင်လာခဲ့သည်။

မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်များကို နေ့စဥ်ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီ ကြိုတင်လက်မှတ်များကို ဘူတာကြီးရက်ကြိုလက်မှတ်ရုံတွင် နံနက် ၇ နာရီမှ နေ့လယ် ၃ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်သည်။

အမှတ်(၈၂)အစုန် မော်လမြိုင်-ရန်ကုန်ရထားသည် မော်လမြိုင်ဘူတာကြီးမှ နံနက် ၈ နာရီ ၃၀ မိနစ်မှ စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အောင်မျိုးသူ