မြစ်သား မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၁၃၈၅ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့်အဖွဲ့ဝင်များက ၁၃၈၅ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သွားမည့် အစီစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် မဟာသင်္ကြန်ဆပ်ကော်မတီအသီးသီးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ကဏ္ဍအလိုက် တာဝန်ယူရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် ရပ်ကွက်များတွင် ရေကစားမဏ္ဍပ်ငယ်များ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီစဉ်များနှင့် စတုဒီသာကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)