ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ညောင်ရွှေမြို့နယ် တိလောကျေးရွာတွင် နွေစပါးစိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ညောင်ရွှေ မတ် ၂၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယနေ့နံနက်(၈)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာတွင် တောင်သူဦးဌေးမှ (၃.၂)ဧက စိုက်ပျိုးထားသော နွေစပါးရွှေအပ်မျိုးစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ကောက်စိုက်သမများမှ ပျိုးပင်စိုက်ပျိုးနေမှုကို ကြည့်ရှုကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့၊ ဟိုတယ်ဇုန် ရှင်းလင်းဆောင်ခန်းမသို့ သွားရောက်ရာ အင်းလေးဟိုတယ်ဇုန် နောက်ခံသမိုင်းကြောင်းနှင့်ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ဟိုတယ်ဇုန်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် နိုဗိုတယ်အင်းလေးလိတ်မြတ်မင်းဟိုတယ်၌ ကျင်းပသော အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းဆုရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တွင် ဇန်နဝါရီလ(၂၂)ရက်နေ့မှ(၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်မှ အာဆီယံခရီးသွားလုပ်ငန်းများ စံနှုန်းဆုများ ပေးအပ်ချီးမြင့်ပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးမှာရှိသည့် နိုဗိုတယ် အင်းလေးလိတ်မြတ်မင်းဟိုတယ်သည် အာဆီယံအစိမ်းရောင်ဟိုတယ်ဆု (ASEAN Green Hotel Award)ကို လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သည် သန့်ရှင်းသော ခရီးသွားမြို့တော်ဆု (ASEAN Clean Tourist City Award) ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်သည် (Kalaw Trekking Tour) ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ပါကြောင်း၊ လာမည့်နှစ်များတွင်လည်း ယခုကဲ့သို့ ဆုများပါဝင်ယှဥ်ပြိုင်ရရှိနိုင်အောင် မိမိတို့လုပ်ငန်းများကို အာဆီယံစံနှုန်းများနှင့်အညီဖြစ်စေရေး ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန် ပြောကြားသည်။

၎င်းနောက် အာဆီယံခရီးသွားလုပ်ငန်းများ စံနှုန်းဆုများရရှိခဲ့သော Novotel Inle Lake Myat Min Hotel မှ ASEAN Green Hotel Award ဆု၊ ဦးကျော်ဇေယျ မှ ASEAN Sustainable Tourism Award ဆုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြန်လည်ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အေးသာယာ-ညောင်ရွှေ-မိုင်းသောက်-နမ့်ပန်-တုံဟုံး-ပင်လောင်းလမ်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရဇော်ကရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းအားလှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ညောင်ရွှေငါးလုပ်ငန်းစခန်းတွင် ငါးဖိန်းသားပေါက်များ၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ရွှေဝါငါး၊ မြက်စားငါးကြင်း မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုရာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသော်ထွန်းဦးမှ လိုက်လံရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ်က ငါးကန်များအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)