ချမ်းအေးသာစံ မတ် ၂၆
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့ မဟာသုန္ဒရာရာမ ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်မြို့ဓမ္မစင်္ကြာရိပ်သာကျောင်းတိုက် မဟာသုန္ဒရာရာမခိုင်သစ္စာကျောင်းတိုက်တို့၏ ပဓာနမဟာနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ၊ ဇေယျာလူမှုထူးချွန်ပထမဆင့်၊ လက်ပန်တောင်းဆရာတော် ဘဒ္ဒန္တအာဝုဓ၏ အဂ္ဂမဟာပဏ္ဍိတ ဂုဏဝိသိဋ္ဌမဟာပူဇာ မင်္ဂလာအခမ်းအနားကို မတ်လ ၂၅ရက်နေ့ မွန်းလွဲပိုင်းက ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာသုန္ဒရာရာမ၊ ပရိယတ္တိစာသင်တိုက်၊ နယူးစတားလိုက် အန္တဂုဏ်ရည်ငါးထပ်ဓမ္မ ဗိမာန်တော်ကြီးတွင် ကျင်းပရာ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ လက်ပန်တောင်းဆရာတော် ဘဒ္ဒန္တအာဝုဓ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်၎င်းတို့၏ဇနီးများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ပူဇော်ကြသည်။
အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပပြီးနောက် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သီရိမင်္ဂလာဓမ္မအေးရိပ်သာဆရာတော် ဘဒ္ဒန္တသောဘနထံက ငါးပါးသီလခံယူဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော်များထံမှ ရွတ်ပွားသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူတို့က ဆရာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပြီး “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ရ လက်ပန်တောင်းဆရာတော် ဘဒ္ဒန္တအာဝုဓ၏ ထေရုပ္ပတ္တိကထာကို မန္တလေးမြို့၊ မိုးကောင်းတိုက်၊ အလယ်ရွှေကျောင်းကြီး၊ ဒေါက်တာဝိလာသဓမ္မက ဖတ်ကြားပူဇော်သည်။
ဆက်လက်၍ မန္တလေးမြို့မဟာသုန္ဒရာရာမပရိယတ္တိစာသင်တိုက်၊ ရန်ကုန်မြို့ ဓမ္မစင်္ကြာရိပ်သာကျောင်းတိုက်၊ မဟာသုန္ဒရာရာမခိုင်သစ္စာကျောင်းတိုက်တို့၏ ပဓာနမဟာနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ လက်ပန်တောင်းဆရာတော် ဘဒ္ဒန္တအာဝုဓအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်လက်မှတ်ကို ထပ်ဆင့်ဆက်ကပ်ပူဇော်သည်။
၎င်းနောက် အလှူရှင်များက အလှူငွေများလှူဒါန်းပြီး စောင်းမြင့်မြင့်သွယ် ပဉ္စသိင်္ခတေးဂီတအဖွဲ့မှ ရတုပိုဒ်စုံတေးများဖြင့် သီကျူးပူဇော်၍ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင်၊ မန္တလေးမြို့ မိုးကောင်းတိုက်၊ အလယ်ရွှေကျောင်းကြီးဆရာတော် ဘဒ္ဒန္တဓမ္မဓိပတျာလင်္ကာရထံက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုကြကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုသာဓုခေါ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်