နေပြည်တော် မတ် ၂၆
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးရှေ့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင်လည်းကောင်း၊ မြို့သစ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင်လည်းကောင်း၊ ကာလိမြို့တွင်လည်းကောင်း၊ နမ့်စန်မြို့နယ်ရှိ အ.ထ.က (နမ့်စန်) ကျောင်းတွင်လည်းကောင်း၊ လဲချားမြို့နယ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ လူစည်ကားရာ မြို့မဈေးနှင့် ဘော်ဒါဆောင်များတွင်လည်းကောင်း မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း တက်ရောက်နေသည့် ဆရာ၊ ဆရာများနှင့် ဌာနဆိုင်ရာရုံးများသို့ ယမန်နေ့မှစတင်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေပြီး စာစောင်အတွင်း (၇၉) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၇၈) တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ၊ တပ်မတော်နေ့အကြောင်း သိမှတ်ဖွယ်ရာ ဆောင်းပါးများ၊ ကာတွန်းနှင့် ကဗျာများပါဝင်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များအကြောင်းကို ပြည်သူများ ပိုမိုသိရှိနိုင်ရန်နှင့် အသိပညာများ တိုးပွားလာစေရန် သတင်းစကားလက်ကမ်းစာစောင်များအား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ပြန်/ဆက်