ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေအခြေအနေအရ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့မှ ယာယီတိမ်းရှောင်လာသော အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား မတ် ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်း လတ်တလောနယ်မြေ အခြေအနေအရ မြစ်ကြီးနားမြို့ရှိ ဘာသာရေးကျောင်းများတွင် ယာယီတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့၊ စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ သွားရောက် တွေ့ဆုံအားပေး ထောက်ပံ့ခဲ့သည်။

ထိုသို့ တွေ့ဆုံအားပေးထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လတ်တလောနယ်မြေ အခြေအနေအရ မိမိတို့၏ နေရပ်ကျေးရွာများကို စွန့်ခွာပြီး တိမ်းရှောင်လာကြသည့် မိသားစုများအား စိတ်ဓာတ်ခွန်အားရရှိစေရေး အားပေးခြင်းဖြစ်သည့်အပြင် လတ်တလောနေထိုင်စားသောက်မှုအဆင် ပြေစေရေး အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိသားစုများ၏ အခက်အခဲ၊ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးမည့်အပြင် အခက်အခဲများကို မိမိတို့အစိုးရအဖွဲ့နှင့် အတူတကွ ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နယ်အတွင်းရှိ တာလောကြီး၊ တာချယ်၊ ဘိုဆာဒီ၊ ခေါင်ဖူးရွာသစ် ကျေးရွာများနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အောင်မြင် (၁)၊ ခါးရှိ၊ စန်းကား၊ ဝူယန်၊ ဇယ်ခမ်း၊ ဇီးကော်၊ ကျန်းခန်းနှင့် ဂျေကော်ကျေးရွာတို့မှ မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာရေးကျောင်းများ၊ မိဘမဲ့ဂေဟာတို့တွင် ခေတ္တလာရောက်တိမ်းရှောင် ခိုလှုံလျက်ရှိသော အိမ်ထောင်စုစုစုပေါင်း (၁၃၈)စု၊ လူဦးရေ (၅၄၂)ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က စုစုပေါင်းငွေကျပ် (၆၄၇၂၂၀၀)တန်ဖိုးရှိ ဆန်အိတ် (၃၁၈)အိတ်ခွဲ၊ ခေါက်ဆွဲခြောက်ဖာ (၁၃၈)ဖာတို့ နှင့် ကြက်ဥ (၁၃၈)လုံးကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ယာယီတိမ်းရှောင်လာသော ပြည်သူများက လတ်တလောနေထိုင် စားသောက်ရာတွင် လိုအပ်ချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကိစ္စရပ်များ၊ သောက်သုံးရေ လိုအပ်ချက်နှင့် လိုအပ်ချက်၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လတ်တလော ယာယီတိမ်း‌ရှောင် နေထိုင်စဉ်ကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေး လိုအပ်သည်များကို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနဝင်းအတွင်း မိုးလုံလေလုံအားကစားခန်းမအတွင်း ၂၀၂၄ ခုနှစ်၊နွေရာသီအားကစားသင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားလျက်ရှိသော ကြက်တောင်ရိုက်သင်တန်း နှင့် ဘောလီဘောသင်တန်းများ လေ့ကျင့်သင်ကြားပေးနေမှု အခြေအနေများကို လည်းကောင်း၊ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံများ၌ ဂျူဒို၊ ဝူရှူး၊ ကရာတေး၊ တိုက်ကွမ်ဒို၊ လက်ဝှေ့ သင်တန်းများ ဖွင့်လှစ်သင်တန်းပေးနေမှုများကို လည်းကောင်း၊ ပြည်နယ်ဘောလုံးကွင်းအတွင်း အသက်အရွယ်အလိုက် ဘောလုံးသင်တန်း လေ့ကျင့်သင်ကြားပေးနေမှုများကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်း သူများအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ် ၁၆ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)