မန္တလေး မတ် ၂၇
လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေအထောက်အပံ့ရရှိစေရန်၊ ကလေးအလုပ်သမားပပျောက်စေရန်၊ လုပ်သားဈေးကွက်နှင့်ကိုက်ညီသော ကျွမ်းကျင်လုပ်သားများ ထွက်ပေါ်လာစေရန်အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း သင်တန်းများ(အခမဲ့) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၅ရက်နေ့ နံနက်(၉)နာရီတွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး) ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းများကို ပြီးဆုံးသည်အထိ တက်ရောက်ခဲ့မှုအတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ မိမိ၏အိမ်တွင် ဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ရာပစ္စည်းများ ပြုပြင်တတ်ပါက ထွက်ငွေကာမိမည်ဖြစ်ပါကြောင်းနှင့် တတ်မြောက်ပါက အပိုဝင်ငွေရရှိမည်ဖြစ်ပါကြောင်း၊ ကျွမ်းကျင်သည့် လုပ်သားကောင်းများဖြစ်စေရေး ပြောကြားပါသည်။
ထို့နောက် တိုင်းဦးစီးမှူးက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ သင်တန်းများကို (၄)ပတ် ကြာဖွင့်လှစ်ခဲ့ပြီး မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်းတွင် သင်တန်းသား(၂၀)ဦး၊ အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်းသင်တန်းတွင် သင်တန်းသား(၁၅)ဦး တက်ရောက်ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)