နေပြည်တော် မတ် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်၌ မြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန်စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်၊ ပျဉ်းမနားမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မာရ်အောင် ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဇာဂရ အရှင်သူမြတ်ထံမှ သာရဏိယသြဝါဒကထာ မြွက်ကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် ဧည့်ပရိတ်သတ်များက နေပြည်တော်၊ ပျဉ်းမနားမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မာရ်အောင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဇာဂရအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈယ်သော မေတ္တာသုတ် ပရိတ်တရားတော်များအား နာယူကြည်ညိုခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက မြို့နယ်သံဃနာယကဆရာတော်ကြီးများအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး စာအောင်သံဃာတော်များနှင့် သီလရှင်များအား စာအောင်ဆုများ နှင့် အောင်လက်မှတ်များ ချီးမြှင့်ဆက်ကပ်ခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် နေပြည်တော်တိုင်းသာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးမြင့်အောင်နှင့် တာဝန် ရှိသူများက စာအောင်သံဃာတော်များနှင့် သီလရှင်များအား စာအောင်ဆုများနှင့် အောင်လက်မှတ်များ ချီးမြှင့်ဆက်ကပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် စာချနာယက၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တကိတ္တိသာရ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)