ပြင်ဦးလွင် မတ် ၂၆
ပြင်ဦးလွင်မြို့နယ်သည် ခရီးသွားမြို့တော်တစ်ခုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်လည်ပတ်သူပြည်သူများနှင့် စည်ကားသည့်မြို့ဖြစ်ရာ ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သူများ အန္တရာယ်ကင်းဝေးစွာဖြင့် သွားလာလည်ပတ်နိုင်စေရန်၊ ယာဉ်မတော်တဆမှုများကြုံတွေ့လာပါက တတ်ကျွမ်းနားလည်စွာဖြင့် ရှေးဦးသူနာပြုစုနည်းများကို အသုံးချကာ အသက်ကယ်ရန် (Preserve life)၊ ထပ်မံ၍ထိခိုက်ဒဏ်ရာမရစေရန် (Prevent further injury) လျင်မြန်စွာပြန်လည်ကောင်းမွန်လာစေရန် (Promote recovery) နှင့် မိမိကိုယ်ကိုကာကွယ်နိုင်ရန် (Protect yourself) အတွက် ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှကြီးမှူး၍ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းသား/အသင်းသူ (၃၀) ဦးအား ရှေးဦးသူနာပြုစုနည်းများ သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယမန်နေ့မွန်းတည့် ၁၂ နာရီက သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်သင်း (ကိုရွှေအောင်သင်း) က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြများအား ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး၊ ဒုတိယတပ်ဖွဲ့မှူးနှင့် သင်တန်းနည်းပြများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါ သင်တန်းတွင် ပြင်ဦးလွင်လူမှုကူညီရေးအသင်း၊ သန္တိသုခလူမှုကူညီရေးအသင်းအပါအဝင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး/ကျေးရွာအသီးသီးမှ လူနာတင်ယာဉ်အသီးသီးဖြင့် လူမှုကူညီရေးများ ဆောင်ရွက်ပေးနေသော အသင်းအဖွဲ့များမှ အသင်းဝင်များ၊ စေတနာရှင် volunteer များအား ရှေးဦးသူနာ ပြုစုနည်းများကို မတ်လ ၂၃ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ သုံးရက်ကြာ ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှ ထူးချွန်ကြက်ခြေနီ၊ နည်းပြများက စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)