နမ့်ဆန် နိုဝင်ဘာ(၅)
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီး ကျေးရွာအုပ်စုတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ယမန်နေ့နံနက်ကစ၍ ကြိုတင်ဆန္ဒမဲကို သတ်မှတ် နေရာဖြစ်သည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ပေးခဲ့ကြကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် နမ့်ဆန်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အသီးသီးတွင် နိုဝင်ဘာလ(၁)ရက်နေ့ကစ၍ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ဇယန်းကြီးကျေးရွာအုပ်စု ဇယန်းကြီးရွာမနှင့် ဇယန်းမြောက်ရွာတို့တွင် အသက်(၆၀)နှစ်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံတာဝန်ကျ သူများတို့က သတ်မှတ်နေရာဖြစ်သည့် ဇယန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကြိုတင်ဆန္ဒမဲလာရောက်ပေးခဲ့ကြပြီး သက်ကြီးရွာအိုများနှင့် မသန်စွမ်းသူများကို အိမ်တိုင်ရာရောက် သွားရောက်၍ ကြိုတင်ဆန္ဒမဲကို သွားရောက်ကောက်ခံသွားမည်ဖြစ်သည်။
ဇယန်းကြီးကျေးရွာအုပ်စုတွင် မဲရုံ(၂)ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ ဇယန်းရွာမတွင်(၁၂၉၅)ဦး၊ ဇယန်းမြောက်ရွာတွင် မဲပေးပိုင်ခွင့်ရှိသူ (၁၀၄၃)ဦးခန့်ရှိပြီး ယနေ့နေ့လယ်ပိုင်းအထိ ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူပေါင်း (၉၀)ကျော်ခန့်ရှိပြီ ဖြစ်ကြောင်း ဇယန်းကြီးကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ထံမှ သိရသည်။
ကိုအောင်မိုး (နမ့်ဆန် ပြန်/ဆက်)