နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၉) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအနီး၊ ပေါင်းလောင်းလျှပ်စစ်မြစ်ရေတင်မှ နွေစပါးစိုက်ပျိုးရေပေးဝေခြင်း အခမ်းအနားတက်ရောက်

နေပြည်တော် မတ် ၂၆

(၇၉) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအနီး၊ ပေါင်းလောင်းလျှပ်စစ်မြစ်ရေတင်မှ နွေစပါးစိုက်ပျိုးရေပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ ပေါင်းလောင်းလျှပ်စစ်မြစ်ရေတင်စက်အနီးတွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပေါင်းလောင်းလျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးနိုင်ရန် လျှပ်စစ်ရေတင်စက်အား စက်ခလုတ်နှိပ်၍ စိုက်ပျိုးရေစတင်ပေးဝေပြီး လျှပ်စစ်ရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ရေပေးဝေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်သည်မှ တစ်ဦးချင်းဝင်ငွေတိုးတက်စေရန် ရည်ရွယ်ပြီး နေပြည်တော်တစ်ဝှမ်းလုံးမှာ ဆန်စပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးပြီး စားသုံးဆီဖူလုံရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုး၊ မြေ ၊ ရေ ၊ နည်းလေးမျိုးသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ ရေကိုစနစ်တကျဖြင့် အသုံးချရန်နှင့် ရေပေးဝေရေးစနစ်များကောင်းမွန်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ စပါး၊ ဆီထွက်သီးနှံ၊ စက်မှုသီးနှံများ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးရေလုံလောက်စွာရရှိစေရန်နှင့် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်စေရန်အတွက် တည်ဆောက်ပြီးသည့် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်များမှသာမက အခြားရေရရှိနိုင်မည့် နည်းလမ်းများကိုရှာဖွေပြီး ရေအရင်းအမြစ်ရှိသည့်နေရာများမှ ယာယီချောင်းပိတ်ဆည်များ တည်ဆောက်ပေးခြင်း၊ လျှပ်စစ်ရေတင်များ တည်ဆောက်ပေးခြင်း၊ ရေအရင်းအမြစ်မရှိသည့် နေရာများတွင် စက်ရေတွင်းများတူးဖော်ပေးပြီး စိုက်ပျိုးရေ၊ ဖြည့်စွက်ရေပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံများပန်းတိုင်အထွက်နှုန်း တိုးတက်ထွက်ရှိရေးအတွက် အလေးထား စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ မြေများကို အကျိုးရှိစွာအသုံးချပြီး သီးထပ်စွမ်းအားတိုးမြှင့်ရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးမြေများတွင် စပါးအပါအဝင်၊ အခြားသီးနှံများ ပိုမိုစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းဝမ်းစာဖူလုံရုံမျှမက အခြားဒေသများကို တင်ပို့ခြင်းဖြင့် တောင်သူကြီးများ ဝင်ငွေတိုးပြီး လူနေမှုဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပေါင်းလောင်းလျှပ်စစ်မြစ်ရေတင်မှ နွေစပါးစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေပေးဝေသွားမှာဖြစ်ပြီး နွေစပါးရိတ်သိမ်းအပြီးတွင် မိုးစပါးဆက်လက် စိုက်ပျိုးရန်အတွက် ရေပေးဝေသွားမှာဖြစ်ပါကြောင်း၊  ထို့အပြင် ဆောင်းသီးနှံ၊ ဆီထွက်သီးနှံများအတွက် ရေရယူစိုက်ပျိုးနိုင်မှာဖြစ်သဖြင့် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ပြီး ဝင်ငွေများတိုးတက်လာမှာဖြစ်ကြောင်း၊ ရေကိုလိုအပ်သည့်အချိန်တွင် လိုအပ်သလို အချိန်မရွေးရယူသုံးစွဲနိုင်ပြီ စိုက်ပျိုးသော သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းကို ကျော်လွန် ရရှိအောင် စနစ်ကျသော စိုက်ပျိုးရေးနည်းစနစ် (Smart Agricultural Practice)များဖြင့် စိုက်ပျိုး နိုင်ပါက မိမိတို့အကျိုးသာမက နိုင်ငံတော်အတွက်လည်း အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်ဇော်က ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးဧရိယာများ လျာထားချက်နှင့် စိုက်ပျိုးရေစတင်ပေးဝေနေမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က စပါးအပါအဝင် သီးနှံများ ပန်းတိုင်အထွက်နှုန်းကောင်းမွန်စွာ ထွက်ရှိရေးအတွက် လိုက်နာရမည့်နည်းစနစ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် နေပြည်တော်ကောင်စီဝင်များက နွေစပါးစိုက်ပျိုးမည့် တောင်သူများအား GW-11 အထွက်တိုး မျိုးစပါးများကို ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေရရှိရေးနည်းလမ်းများအလိုက် ရှာဖွေဆောင်ရွက်ပြီး ရေပေးဝေတဲ့အတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်၊ ယာယီ ချောင်းပိတ်ဆည်နှင့် စက်ရေတွင်းများမှ မိုးစပါး ၇၂၃၉၂ ဧက၊ နွေစပါး ၂၇၀၆၃ ဧက၊ နွေသီးနှံ ၉၇၁၂ ဧက၊ စုစုပေါင်း ၃၆၇၇၅ ဧက စိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါး စုစုပေါင်း ၇၄၂၉၉ ဧက စိုက်ပျိုးခဲ့သဖြင့် ယခင်နှစ်ထက် ဧက ၂၀၀၀ ခန့်ပိုမိုစိုက်ပျိုးခဲ့ကြောင်း၊ ယခုနွေစပါး ၂၉၀၉၉ ဧက၊ နွေသီးနှံ ၁၇၃၈၈ ဧက ၊ စုစုပေါင်း ၄၆၈၅၁ ဧကလျာထားပြီး စိုက်ပျိုးရေပေးဝေလျက်ရှိရာ ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်လျက်ရှိတာကြောင့် နွေစပါး နွေသီးနှံကို ယခင်နှစ်ထက် ဧက ၁၀၀၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်မှာဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)