ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

ပြင်ဦးလွင် မတ် ၂၆

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်  ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယမန်နေ့နံနက် ၁၁ နာရီက ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပသည်။

ရှေးဦးစွာအခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေပေါ်ပေါက်လာပုံ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဌာန်းချက်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။

အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး/ကျေးရွာအုပ်စုများမှ  ဒေသခံပြည်သူများ စုစုပေါင်း( ၃၅ ) ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)