နေပြည်တော် မတ် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်ဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်နှင့် မြို့နယ်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ နေပြည်တော်အမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ဘိုးဘွားရိပ်သာများမှ တာဝန်ရှိသူများနှင့် အဘိုးအဘွားများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ခြင်းအစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ အသက် ၉၀ နှစ်နှင့်အထက် ဘိုးဘွားများအားတစ်ဦးလျှင် တစ်လတစ်သောင်းနှုန်းဖြင့် သုံးလလျှင်တစ်ကြိမ် ငွေကျပ် သုံးသောင်းနှုန်းထောက်ပံ့ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ယခုကာလအထိ အသက် ၈၅ နှစ်နှင့်အထက်သို့ အသက်လျှော့ချ၍ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၃-၂၀၂၄၊ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ဘိုးဘွား ၄၉၂၉ ဦး၊ ဒုတိယသုံးလပတ်အတွက် ဘိုးဘွား ၄၉၀၂ ဦးတို့ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ယခုတတိယသုံးလပတ်အတွက် ပြည်ထောင်နယ်မြေ၊ နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်ထောက်ပံ့ရန် အကျုံးဝင်သည့် ဘိုးဘွား ၄၉၁၀ ဦးအား ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ၂၀၁၆ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေနှင့် ၂၀၂၂ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေနှင့်အညီ ဘိုးဘွားများအား ကူညီစောင့်ရှောက်ကာကွယ်မှုများပေးရန်၊ ဘိုးဘွားများအား ဝင်ငွေပုံမှန်ရရှိစေခြင်းဖြင့် မိသားစုအတွင်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းဖြင့် ၎င်းတို့၏ဘဝ ပိုမိုအဆင်ပြေချောမွေ့စေရန် စသည့်ရည်ရွယ်များဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်၊ ခရိုင်၊ မြို့နယ်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ အဖွဲ့အစည်းများအနေဖြင့် သက်ကြီးဘိုးဘွားများ၏ ကိုယ်၊ စိတ်၊ နှလုံး ကျန်းမာရွှင်လန်းစေရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဘိုးဘွား ၄၉၁၀ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၄၇ ဒသမ ၃၀၀ သန်းအား ထောက်ပံ့ပေးအပ်ရာ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေက လက်ခံရယူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွား ၁၀ ဦးအား ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက မြို့နယ်ရှစ်မြို့နယ်အတွင်းရှိ ဘိုးဘွားများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တက်ရောက်လာကြသည့် ဘိုးဘွားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)