ဟိုပုံးမြို့နယ်တွင် ကြက်ခြေနီအသင်းမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ ကျင်းပ

ဟိုပုံး မတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကြက်ခြေနီအသင်းမှဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမေသန္တာစိုးက သင်တန်းသား၊ သင်တန်းသူများအား အမှာစကားပြောကြားရာတွင် လူမှုရေးစိတ်ဓာတ်ထက်သန်သည့် နိုးကြာတက်ကြွသော မျိုးဆက်သစ်လူငယ်များပေါ်ထွက်လာစေရန်၊ ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်တတ်စေရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက  လူထုကိုယ်တိုင် ပါဝင်‌ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ဟိုပုံးမြို့နယ်အတွင်းရှိ လူငယ်များမှ ရှေးဦးပြုစုနည်းအခြေခံသင်တန်းတွင် သင်ကြားပို့ချပေးသွားသည့်သင်ခန်းစာများကို လေ့လာမှတ်သားကြပြီး မိမိပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်း၊ ဟိုပုံးမြို့နယ် ကြက်ခြေနီအသင်းမှတပ်ဖွဲ့မှူး ဒေါ်သင်းလဲ့ရီနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အခြေခံအသက်ကယ်အထောက် အကူပြုဆောင်ရွက်ရမည့် နည်းအဆင့်ဆင့်ကို လက်တွေ့ပို့ချပေးခြင်း၊ ရှေးဦးပြုစုခြင်း(အခြေခံ)နည်းစနစ်များတွင် ပါဝင်သည့် ဖြစ်ရပ်မြင်ကွင်းကိုကြည့်ပါ၊ ပတ်ဝန်းကျင်ကို အကူအညီတောင်းပါ၊ လူနာအနေအထားကို ပက်လက်အနေအထားပြုပြင်ပါ၊ အသက်မရှုခြင်း(သို့မဟုတ်) ပုံမှန်မဟုတ်ပါက နှလုံးနှိုးဆွနည်း အကြိမ်(၃၀)ပြုလုပ်ပါ၊ လေပြွန်လမ်းကြောင်း ဖွင့်ပါစသည့်အချက်များကို စာတွေ့/လက်တွေ့ သက်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၃၅)ဦးဖြင့် မတ်လ(၂၃)ရက်နေ့မှ မတ်လ(၂၅) ရက်နေ့အထိ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)