ဟိုပုံး မတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း လက်ရက်ကန်းစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာတွင် ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက အမှာစကားပြောကြားရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး)သည် အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေး ဥပဒေပါအခြေခံမူများနှင့်အညီ ရက်ကန်းနည်းပညာရပ်များ ပြန့်ပွားစေရန်၊ ရက်ကန်းဆိုင်ရာကျွမ်းကျင်မှုများရရှိစေရန်၊ နည်းပညာလွှဲပြောင်းပေးသည့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည့်အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လာနိုင်ပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများကို ကာလရှည်နှင့် ကာလတိုသင်တန်းများအပြင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ဟိုပုံးမြို့နယ် ကျောက္ကချားကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း(ရက်ကန်း)သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ မိသားစုဝင်ငွေတိုးပွားစေရေး၊ ကုန်ထုတ်လုပ်ငန်းများစွာထုတ်လုပ်နိုင်ပြီး မိသားစုအတွက် ရေရှည်တည်မြဲစေမည့် လုပ်ငန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာတာဝန်သူများမှ ကြိုးစားအားထုတ် သင်ကြားပေးခဲ့တာဖြစ်ပါကြောင်း၊ လုပ်ငန်းထူထောင်မည့်သူများအနေဖြင့် မိမိတို့ဘဝရပ်တည်နိုင်ရေး၊ မိသားစုအတွက် ဝင်ငွေရရှိစေရေး၊ ဈေးနှုန်းချိုသာသည့် အဝတ်အထည်များ ဒေသတွင်းဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများဖြင့် လုပ်ငန်းထူထောင်လုပ်ကိုင်ပြီး မိမိတို့ဘဝမြင့်မားတိုးတက်စေရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး လုပ်ငန်းအောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)မှ ကျောင်းအုပ်ကြီး ဒေါ်ဖြူဖြူမြင့်နှင့် တာဝန်ရှိသူတို့က သင်တန်းသူများအား လုပ်ငန်းထူထောင်နိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးလက်ရက်ကန်းစင်နှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုး၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး)မှ ကျောင်းအုပ်ကြီး ဒေါ်ဖြူဖြူမြင့်တို့က သင်တန်းသူ လက်ရက်ကန်းရက်လုပ်နေမှုအားကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)