ညောင်ရွှေ မတ် ၂၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာ၊ ဟော်တယ်ဇုန်ရှိ ရှင်းလင်းဆောင်ခန်းမသို့ ယနေ့နံနက်(၉)နာရီက ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ရှေးဦးစွာ ခန်းမဆောင်တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ဟိုတယ်ဇုန် နောက်ခံသမိုင်းကြောင်းနှင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုတယ်ဇုန်ဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် မိုင်းသောက်ကျေးရွာရှိ Novotel Lake Myat Min Hotel ခန်းမ၌ပြုလုပ်သည့် အာဆီယံခရီးသွားလုပ်ငန်းများ စံနှုန်းဆိုင်ရာဆုများ (ASEAN Tourism Awards) ချီးမြှင့်ပွဲအခမ်းနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ASEAN Grand Hotel Award ဆုရရှိခဲ့သည့် Novotel Lake Myat Min Hotelနှင့် ASEAN Sustainable Tourism Award ဆုရရှိခဲ့သည့် ဦးကျော်ဇေယျတို့အား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ