မုဒုံ မတ် ၂၆
မွန်ပြည်နယ် မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာတွင် မြစိမ်းရောင် (ငါးကဏ္ဍ) လည်ပတ်ရန်ပုံငွေ အတိုးစုဆောင်းငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးရေးကျေးရွာတွင်း ကွန်ကရစ်လမ်းနှစ်သွယ်ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးလှမင်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြစိမ်းရောင် (ငါးကဏ္ဍ) လည်ပတ်ရန်ပုံငွေ အတိုးစုဆောင်းရငွေ (၁၄၃) သိန်း၊ ကျေးရွာနေပြည်သူထည့်ဝင်ငွေ (၇) သိန်း စုစုပေါင်း သိန်း (၁၅၀) ကျပ်ဖြင့် ဘလောက်တံတားပိုင်းချောင်းလမ်း အရှည် ၃၄၇ ပေ၊ ထု ၆ လက်မ၊ အကျယ် ၉ ပေနှင့်ညောင်ဝိုင်း အနောက်ပိုင်းလမ်း အရှည် ၂၆၄ ပေ၊ ထု ၆ လက်မ၊ အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းနှစ်သွယ်ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါကျေးရွာတွင်းလမ်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် ကျေးရွာအတွင်းရှိ အိမ်ခြေ ၄၉၂ အိမ်၊ အိမ်ထောင်စု ၄၉၉ တို့အတွက် ရာသီမရွေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်မည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အခြားကဏ္ဍများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)