တောင်ကြီးမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

တောင်ကြီး မတ် ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဥ်(၆/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများကို တာဝန်ယူ အကောင်ထည်ဖော်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံး ဖွင့်လှစ်နိုင်ရေးအတွက် ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံး(၁၅)ရုံး၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(၁၃)ကျောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးနှင့် ခရိုင်ရုံး(၄၀)တို့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပို့ချပေးမည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာများအကြောင်း လူသုံးကုန်လုပ်ငန်းသုံး ဓါတုဗေဒပစ္စည်းများအကြောင်း၊ ဘက်စုံသုံးဆပ်ပြာ၊ ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ BodyShowen ၊ Hand Gel ၊ Hand Spray ၊ Body Scrub ၊ မှန်ကြည်ဆေးတို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို ၂၀၂၄ ခုနှစ် မတ်လ(၂၅)ရက်မှ (၂၉)ရက်နေ့အထိ (၅)ရက်ကြာဖွင့်လှစ်၍ စာတွေ့ ၃၀% လက်တွေ့ ၇၀% သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းဖွင့်လှစ်ရန်အတွက် ခင်းကျင်းပြသထားသည့် ကုန်ကြမ်းပစ္စည်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့၊ အစိုးရရုံးဟောင်းရှိ ရုံးကြီးလမ်းတွင် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရန် ဗဟိုမဏ္ဍပ်တည်ဆောက်နေမှုတို့ကိုအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)