မုဒုံမြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

မုဒုံ မတ် ၂၆

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲကို ယမန်နေ့က အ.ထ.က (၁/၂) အထက်တန်းကျောင်းများ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက ကျောင်းသား/ သူများအားလုံး၏ ပညာရည်မြင့်မားရေးကို နိုင်ငံတော်၊ ပညာရေးဌာနနှင့် မိဘများအားလုံးက ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သင်ကြားမည့် ဘာသာရပ်အလိုက် သင်ခန်းစာများကို ဆွေးနွေးခြင်းဖြင့် ဆရာ/ ဆရာမတို့၏ သင်ကြားမှုစွမ်းရည်မြင့်မားလာသလို ကျောင်းသား/ သူများ နားလည်မှုစွမ်းရည်သည်လည်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ သင်တန်းဆိုင်ရာလမ်းညွှန်မှုနှင့် စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို အလယ်တန်းဆင့် ဆရာ၊ ဆရာမ (၄၁၃) ဦးအား နည်းပြ (၂၄) ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊သမိုင်း၊သိပ္ပံ ဘာသာရပ်တို့ကိုလည်ကောင်း၊ မူလတန်းဆင့် ဆရာ၊ဆရာမ (၇၂၆) ဦးအား နည်းပြ (၅၀) ဦးက KG မှ Grade (5) အထိ သင်ကြားရေးဘာသာရပ်များကိုလည်ကောင်း (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)