ဟိုမိန်း နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်(၃)ရပ်ကွက်ရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေအား ယနေ့ နံနက် ၁၀ နာရီက မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၁)ရပ်ကွက် တိုက်နယ်ဆေးရုံတွင် ပြင်ဆင်ထား သည့် မဲရုံအမှတ်(၁)၊ အမှတ်(၂)ရပ်ကွက် အထကကျောင်းရှိ မဲရုံအမှတ်(၁)နှင့် အမှတ်(၃)ရပ်ကွက် ပန်သပြေ(မူလွန်) ကျောင်းရှိ မဲရုံများမှ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံသို့ လာရောက်မဲပေးမည့် မဲဆန္ဒရှင်ပြည်သူများ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ဆန္ဒမဲ အဆင်ပြေစွာပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ မဲရုံများ စနစ်တကျ ပြင်ဆင်ထားရှိမှုနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေကို မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲနောင်(ဟိုမိန်း)