ရပ်စောက်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ရက်တိုသင်တန်းများ ဖွင့်လှစ်

ရပ်စောက် မတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ရက်တိုသင်တန်းများကို ယနေ့နံနက်(၁၀)နာရီက အ-ထ-က(၁)ဗထူးကျောင်းနှင့် ရပ်စောက်ကျောင်းများ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မောင်အုန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “ယခုဖွင့်လှစ်တဲ့ စွမ်းရည်မြင့်သင်တန်းသည် လုပ်ငန်းခွင်၌ လက်တွေ့အသုံးချနိုင်ရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အလွတ်ကျက်သင်ကြားခြင်းမျိုးမဟုတ်ပဲ တီထွင်ကြံဆတတ်စေရန်နှင့် စဉ်းစားချင့်ချိန်တတ်လာစေရန် သင်ကြားပေးနိုင်ရန်နှင့် သင်တန်းသင်ကြား နေစဉ်အတွင်း ဆရာ၊ ဆရာမများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့်  တက်ကြွစွာ ပါဝင်ဆွေးနွေးသင်ကြားစေလိုကြောင်း”ပြောကြားခဲ့သည်။

ထို့နောက် လက်ထောက်ပညာရေးမှူး ဦးသန်းထိုက်ချစ်က သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းများသို့ ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းနှင့် အလယ်တန်းပြ ကျောင်းဆရာ၊ ဆရာမ (၁၂၄၇)ဦး တက်‌ရောက်ကြပြီး သင်တန်းကို မတ် ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)