ပင်းတယ မတ် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြေခြားမြောက်-ပိန္နဲပင်-ဖောင်းတောလမ်း ကတ္တရာထပ်ပိုးလွှာလမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြေခြားမြောက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာကောင်မတီဝင်များနှင့် ကျေးရွာနေဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက မြေခြားမြောက်-ပိန္နဲပင်-ဖောင်းတောလမ်း ကတ္တရာထပ်ပိုးလွှာ(၁)မိုင်ခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကဗ္မည်းကျောက်စာအား အမွေးနံသာရေများ ပက်ဖျန်းပေးခဲ့ကြပြီး လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် လမ်းဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်အား မြေခြားကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် ဆောင်ရွက်ရာမှာ အဓိကအခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သောက်သုံးရေရရှိရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေးကဏ္ဍ၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများကို အဓိကဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နယ်မြေခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ယခုလိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် စည်းလုံးညီညွှတ်စွာဖြင့် ဝိုင်းဝန်းထိမ်းသိမ်းနိုင်မှသာလျှင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ကျေးရွာသူ/ ကျေးရွာသားတွေအနေဖြင့်လည်း ပူးပေါင်းခြင်း၏အင်အား စည်လုံးခြင်း၏အင်အား၊ ကျေးရွာရဲ့ စိတ်ဓာတ်တွေက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အင်အားကြီးမားသောကြောင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားကြပါရန်” တိုက်တွန်းပြောကြားသည်။
ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဓနုဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သက်က လမ်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြေခြားကျေးရွာ ရပ်မိ/ရပ်ဖတစ်ဦးက မြေခြားမြောက်-ပိန္နဲပင်-ဖောင်းတောလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ မြေခြားမြောက်-ပိန္နဲပင်-ဖောင်းတောလမ်း ကတ္တရာထပ်ပိုးလွှာ(၁)မိုင်လမ်းခင်းခြင်းလုပ်ငန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေကျပ် (၁၅၀ ဒသမ ၁၀၀)သန်းဖြင့် တင်ဒါအောင်မြင်သည့် SAO Family Co.Ltd မှ ၂၀၂၃ခုနှစ်၊ ဇွန်လ ၇ ရက်နေ့မှ စတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ/ကျေးရွာသားများနှင့်တွေ့ဆုံကာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးပွဲကို ဆောင်ရွက်ခဲ့ကြရာဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာသူ/ကျေးရွာသားများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)