လားရှိုးမြို့၊ မြို့မဈေးကြီးတွင် မီး‌ဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်

လားရှိုး မတ် ၂၅

မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှုကို ယမန်နေ့နံနက် ၈ နာရီအချိန်က လားရှိုးမြို့မဈေးကြီးတွင် ပြုလုပ်သည်။

မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်နှင့် ဈေးကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ လားရှိုးမြို့မဈေးတာဝန်ခံ ဦးစိုင်းဝင်းမြင့်က မြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် ရေလှောင်ကန်တည်ဆောက်ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လားရှိုးမြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပရဟိတအဖွဲ့ဝင်များက မီးလောင်ကျွမ်းမှုဖြစ်စဉ်ဖြစ်ပွားပါက လက်တွေ့မီးငြိမ်းသတ်မှုနှင့် မီးသတ်ဆေးဘူး လက်တွေ့အသုံးချမီးငြှိမ်းသတ်မှုတို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)