မြစ်သားမြို့နယ်တွင် အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မြစ်သား မတ်  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲကို မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအေးခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်က ကျောင်းသား၊ကျောင်းသူများအားလုံ၏ ပညာရေးမြင့်မားရေးကို နိုင်ငံတော်၊ ပညာရေးဌာန၊ ကျောင်းသား မိဘများအားလုံး ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သင်ကြားမည့် ဘာသာရပ်အလိုက် သင်ခန်းစာများအား ဆွေးနွေးပေးခြင်းဖြင့် ဆရာ/ဆရာမတို့၏ သင်ကြားမှုစွမ်းရည်မြင့်မားလာပြီး ကျောင်းသား၊ ကျောင်းသူများ၏ နားလည်မှုစွမ်းရည် သည်လည်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်းနှင့် သင်တန်းဆိုင်ရာ လမ်းညွှန်မှုနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။  ဆက်လက်၍  ဒုတိယမြို့နယ်ပညာရေးမှူး   ဦးကျော်ဟန်က သင်တန်းတွင်လိုက်နာရမည့်  အချက်အလက်များကို ပြောကြားကာ ဒုတိယမြို့နယ်ပညာရေးမှူး  ဦးမင်းနိုင်က သင်တန်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို သင်တန်းသား၊ သင်တန်းသူများအား ထပ်ဆင့်မှာကြားရန်ရှိသည်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းတွင် မူလတန်းအဆင့် သင်တန်းနည်းပြ(၅၄)ဦး၊  အလယ်တန်းအဆင့် သင်တန်းနည်းပြ(၁၂)ဦးတို့ဖြင့် သင်တန်းကာလကို (၅ )ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအေးခိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းနိုင်၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)