မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မှော်ဘီ မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မှော်ဘီခရိုင် လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မှော်ဘီမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က (၁) ကျောင်းမှာ ကင်းထောက်လူငယ်မောင်မယ်များက အစဉ်အသင့် သီချင်းသီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မှော်ဘီခရိုင် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ မှော်ဘီခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခြင်း မှော်ဘီခရိုင်ပညာရေးမှူး ဆရာကြီး ဦးအေးလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ အ.ထ.က (၂) ကျောင်းမှ ကင်းထောက်လူငယ်မောင်မယ်များက ကင်းထောက်များရဲ့ရှေ့သို့ခြေလှမ်းသီချင်းသီဆို၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကင်းထောက်လူငယ်သင်တန်းကို မတ်လ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ (၅) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး ကင်းထောက်လူငယ်သင်တန်းကို မှော်ဘီခရိုင်အတွင်းရှိ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်များမှ သင်တန်းသား (၄၀) ဦး၊ သင်တန်းသူ (၄၀) ဦး စုစုပေါင်း (၈၀) ဦးတို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဆရာကြီး ဦးအေးလွင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်