မလှိုင် မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ရှိ ထန်းပိုင်ရှင်ဒေသခံတောင်သူများသည် တောင်သူလုပ်ငန်းခွင်နားချိန် တပိုတွဲ၊ တပေါင်းကာလများ၌ ထန်းပင်များမှ ထန်းလက်(ထန်းရွက်)များ ချိုင်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိနေကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် ယခင်က ထန်းတက်၊ ထန်းလှီးပြီး ထန်းလျှက်ချက်လုပ်ငန်းလုပ်ကိုင်သူ ပေါများသော်လည်း ယခုအချိန်ခါတွင် ထန်းလျှက်ချက်လုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာသဖြင့် ထန်းပိုင်ရှင်များအနေဖြင့် ထန်းလက်(ထန်းရွက်)များချိုင်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိအောင် ဆောင်ရွက်နေကြကြောင်း ဒေသခံတောင်သူလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်သူ ပန်းအိုင်ကျေးရွာမှ တောင်သူဦးငွေစန်းက ယခုလိုပြောပြခဲ့သည်။ “ထန်းတက်မည့်သူမရှိသော်လည်း အလကားမဖြစ်စေပဲ အပိုဝင်ငွေရရှိအောင် ယခုလိုတောင်သူလုပ်ငန်းခွင်နားချိန်မျိုးမှာ ထန်းရွက်ချိုင်ရောင်းချခြင်း ဖြစ်ပါတယ်။ ထန်းရွက်ချိုင်ခအနေဖြင့် ထန်းတစ်ပင်လျှင် ပျမ်းမျှ(အနိမ့်အမြင့်) (၁၅ဝဝ)ကျပ် ပေးရပြီး ထန်းရွက်ပြန်ရောင်းလျှင် ထန်းရွက်(၁ဝဝ)လျှင် ငွေကျပ် (၂၅ဝဝဝ) ရကြောင်း၊ လျှော်လက်(ထန်းလက်) (၁ဝဝ)လျှင် ငွေကျပ်(၅ဝဝဝ) ရပြီး ထန်းတစ်ပင်ချိုင်လျှင် ထန်းရွက် (၁၂ ရွက်မှ ၁၅ ရွက်)ထိ ရပါတယ်” လို့ ပြောပြခဲ့သည် ။
နွေရာသီ ပူပြင်းသောအညာဒေသ၌ ထန်းရွက်ကို အပူဒဏ်မှကာကွယ်ရန် ထန်းရွက်တဲများ ဆောက်၍ ယာယီလူနေထိုင်ခြင်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များနှင့် နွားစာတဲများဆောက်လုပ်ရာတွင် တဲအမိုး၊ အကာများအဖြစ် အသုံးပြုခြင်း၊ လျော်လက်ကိုဆုတ်၍ ထန်းလျှော်များကို (ကြိုးအစား)အသုံးပြုခြင်း၊ ထန်းလျှော်တောင်း၊ ဆွဲခြင်းများ ယက်လုပ်ရာတွင် အသုံးပြုကြပြီး ထန်းလက်ခြောက်များကို ထန်းပလက်ကုလားထိုင်၊ စားပွဲနှင့်ခုံများပြုလုပ်ပြီး အညာဒေသထွက်ကုန်အဖြစ် ပြန်လည်ရောင်းချကြကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)