တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

တကောင်း   မတ်   ၂၆

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက စာရေးဆရာမှိုင်း(ဆေး-၂) ရေးသားသည့် ပြတင်းပေါက်က ကြည့်လိုက်ပါ စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဒေါ်စန်းစန်းမှ ပြတင်းပေါက်က ကြည့်လိုက်ပါ စာအုပ်ပါ အကောင်းမြင်စိတ်နဲ့ ရှင်သန်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မနွေးနွေးလှိုင်(Youth Club)မှ ရင်ဆိုင်သင့်တာ ရင်ဆိုင်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တကောင်းမြို့ရုံးအနေဖြင့် ကျောင်းသား၊ လူငယ်များ အားလပ်ရက်များတွင် စာပေဖတ်ရှု့သည့်အလေ့အကျင့်ကောင်းများရရှိတက်စေရန်၊ မိမိတို့ ဖတ်ရှုလေ့လာထားသည့် စာပေများအား ပြန်လည်ဆွေးနွေးပြောကြားတက်သည့်အလေ့ အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရရန်ရည်ရွယ်၍  စာဖတ်ဝိုင်းများအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သီရိ