ရန်ကုန် မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၌ ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဒဂုံသီရိခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အ.ထ.က (၁) ဒဂုံ ကျောင်းသား/ ကျောင်းသူကင်းထောက်လူငယ်များက “ပြည်သူ့အတွက်အစဉ်အသင့်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအမျိုးသမီး ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာက ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် အ.ထ.က (၁) ဒဂုံကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းက ကင်းထောက်၏ အရေးပါပုံ၊ သမိုင်းကြောင်းများနှင့် ကင်းထောက်လူငယ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံကင်းထောက်သမိုင်းကြောင်း ဗီဒီယိုမှတ်တမ်းနှင့် ကင်းထောက်နည်းပြသင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့မှု မှတ်တမ်းတို့ကို ပါဝါပွိုင့်ဖြင့် ပြသသည်။
ဆက်လက်၍ အ.ထ.က (၁) ဒဂုံကျောင်းသား/ ကျောင်းသူ ကင်းထောက်လူငယ်များမှ" ကင်းထောက်များရဲ့ ရှေ့သို့ခြေလှမ်း" သီချင်းဖြင့် သရုပ်ပြဂုဏ်ပြုသီဆိုခဲ့ကြပြီး ကင်းထောက်အဖွဲ့များက အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့နယ် (ပြန်/ဆက်)