ရန်ကုန် မတ် ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်များ အသင်းတို့ ပူပေါင်းဖွင့်လှစ်သော နွေရာသီကွန်ပျူတာ အခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ကျင်းပခဲ့သည်။
အဆိုပါနွေရာသီအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြင်ပသင်တန်းများတွင် သင်ကြားရန်အခက်အခဲရှိနေသူများကို အခမဲ့သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ကွန်ပျူတာအခြေခံသင်တန်းမှ အဆင့်မြင့်သင်တန်းများအထိ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ လူထုအခြေပြုဗဟိုဌာန၌ အခမဲ့အသုံးပြုနိုင်သည့် ပြည်သူ့စာကြည့်တိုက်၊ ဘက်စုံသုံးခန်းမ၊ အားကစားခန်းမ၊ သင်တန်းခန်းမ၊ ဆွေးနွေးပွဲခန်းမ၊ ကွန်ပျူတာခန်းမ၊ ကလေးငယ်များအတွက် စီစဉ်ထားသော ကလေးစာဖတ်ခန်းများ၏ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်များအသင်း ဦးဌေးလင်းက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ကွန်ပျူတာအခြေခံသင်တန်းသို့ အစိုးရရုံးများ၊ အခြေခံပညာကျောင်းများနှင့် မြို့နယ်အတွင်းရှိ ကွန်ပျူတာပညာစိတ်ဝင်စားသူ (၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ကွန်ပျူတာရုံးသုံး၊ Word,Excel,Power Point,Email,Internet အခြေခံအသုံးပြုနည်း၊ Sofware ထည့်နည်း၊ Font ထည့်နည်း၊ Graphic Design အခြေခံတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကာ သင်တန်းကာလမှာ (၁) လဖြစ်ပြီး အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)