ကျိုင်းလပ်မြို့၌ ရာသီပေါ် ဆူးပုတ်ရွက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကျိုင်းလပ် မတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ဝမ်ကျင်းရပ်ကွက်အနီး ပတ်ဝန်းကျင်ရှိ အိမ်ခြံဝင်းများ တောတောင်များ၌ ပေါက်ရောက်သော ဆူးပုတ်ပင်များကို မိသားစုတစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် ရောင်းချလျက်ရှိကြောင်း သိရသည်။

ဆူးပုတ်ပင်များသည် မတ်လအကုန်မှစ၍ အညွှန့်များ လှိုင်လှိုင်ထွက်ရှိပြီး ယင်းအညွှန်များအား တောင်သူများက တောတောင်များသို့ သွားရောက်ကာ ရှာဖွေခူးယူခြင်းနှင့် တောင်ယာခုတ်ပြန်ချိန်သော်လည်းကောင်း၊ မိမိတို့၏ အိမ်ခြံဝန်းများ၌သော်လည်းကောင်း ခူးယူရောင်းချကြောင်း၊ ဆူးပုတ်ရွက်တစ်စီးလျှင် ထိုင်းငွေ(၅)ဘက်၊ မြန်မာငွေကျပ်(၅၀၀)နှုန်းဖြင့် ခူးယူရောင်းချကြောင်း၊ အရင်းအနှီးစိုက်ထုတ်စရာမလိုဘဲ တောတောင်များက သဘာဝအလျှောက်ပေးစွမ်းသည့် ဆူးပုတ်ပင်များသည် မိသားစုများအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိသည့်အတွက် နှစ်စဉ်ခူးယူရောင်းချကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ကျိုင်းလပ်မြို့ရှိ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဒေသနေပြည်သူများသည် တောတောင်များတွင် သဘာဝအလျှောက်ပေါက်ရောက်သော ဆူးပုတ်ပင်များခူးယူပြီး မိသားစုစားသုံးရန်အပြင် ပိုလျှံသောဆူပုတ်ရွက်များကို အပိုဝင်ငွေရရှိရေးအတွက် ပြန်လည်ရောင်းချကြောင်း၊ ဆူးပုတ်ရွက်များကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်နိုင်သည့်အတွက် ဒေသနေပြည်သူများ ကြိုက်နှစ်သက်သောကြောင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက် အရင်းအနှီးစိုက်ထုတ်မှုနည်းသော ဆူးပုတ်ပင်များကို အိမ်ခြံဝန်းများတွင် တစ်ပိုင်တစ်နိုင် ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)