ကျိုင်းတုံ မတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် (၇၉)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုခွင့်ပြုရန်ငွေဖြင့် ဆောင်ရွက်သော ကတ်ဖကျေးရွာအုပ်စု၊ နောင်ငင်း-ဝမ်ဆိုင်း(လွယ်) ကွန်ကရစ်လမ်း(၈/၃)မိုင် ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါလမ်းတွင် ကျင်းပသည်။
ဖွင့်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးပြည်မှူးက ကွန်ကရစ်လမ်း ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒေသခံပြည်သူတစ်ဦးက နောင်ငင်း-ဝမ်ဆိုင်း(လွယ်) ကွန်ကရစ်လမ်း(၈/၃)မိုင် ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက (၇၉)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ငင်း-ဝမ်ဆိုင်း(လွယ်) ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်၍ ကတ်ဖကျေးရွာအုပ်စုနှင့် မိုင်းလန်းကျေးရွာအုပ်စုများရှိ ကျေးရွာ ၁၇ ရွာမှ ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်ပြီးဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)