ကျောက်ဆည် မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ယမန်နေ့နံနက် ၁၀နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားကြမည်ဖြစ်ရာ ကျောက်ဆည်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိစွာ၊ ယဉ်ကျေးသိမ့်မွေ့စွာ၊ စည်းလုံးညီညွှတ်စွာဖြင့် သင်္ကြန်၏အနှစ်သာရနှင့်အညီ ရှေးမူမပျက်ပေါ်လွင်စွာ လေးလေးစားစားဖြင့် စည်းစနစ်ကျနစွာ ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ကော်မတီများဖွဲ့စည်းရေး၊ ဧည်ခံမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဆောက်လုပ်ရေး၊ ဧည့်ခံယိမ်းအဖွဲ့များ၊ ပြိုင်ပွဲဝင်ယိင်းအဖွဲ့များဖွဲ့စည်းပြီး ပါဝင်ယှဉ်ပြိုင်ရေး စသည့်အကြောင်းအရာများကို ပူးပေါင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး မဏ္ဍပ်များဆောက်လုပ်ရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဖျော်ဖြေရေး၊ လုံခြုံရေး၊ သတင်းထုတ်ပြန်ရေးကော်မတီများက ကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရေး အပြန်အလှန်ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများပိုမိုအောင်မြင်နိုင်ကြောင်းနှင့် မြန်မာတို့၏ရိုးရာပွဲတော်ကြီးအား အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)