တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် ပဉ္မမကြိမ်မြောက် ကျေးဇူးရှင်အဖေကြီးများအား ပူဇော်ကန်တော့ကြပြီး တရားဓမ္မသဘင်ကျင်းပ

တံတားဦး မတ် ၂၆

တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ “မြင့်မြတ်ပါရမီ” အဖေကြီးများပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှကြီးမှူးပြီး ပဉ္စမကြိမ်မြောက် ကျေးဇူးရှင်အဖေကြီးများအား ပူဇော်ကန်တော့ပွဲနှင့် တရားဓမ္မသဘင်အခမ်းအနားကို ၁၃၄၈ခုနှစ် တပေါင်းလပြည့်နေ့ ညနေ့ (၆) နာရီအချိန်တွင် အဆိုပါကျေးရွာ ရွာလယ်မြတစ်သိန်းတန်ဘုရား ဓမ္မာရုံတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အသက်(၇၅)နှစ်အထက် ကျေးဇူးရှင်အဖေကြီး (၇၈)ယောက်ကို ပူဇော်ကန်တော့ကြရာ ကျေးဇူးရှင်အဖေကြီး အသက်(၈၁)နှစ်ရှိ ကျေးဇူးရှင်အဖေကြီး ဦးသောင်းကြွယ်နှင့် အသက်(၇၅) ကန်တော့ခံအဖေကြီးများကိုယ်စား ဆုပေးစကားပြောကြားကြပြီး အဖေကြီးများအား အလှူငွေများကို လှူဒါန်းကြသည်။ ထို့နောက် ညချမ်း(၇)နာရီအချိန်တွင် ဓမ္မသဘင်အခမ်းအနားကို ကျင်းပရာ သူငယ်တော်ကျေးရွာ မင်္ဂလာချောင်းဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တသီလာဝုဓက “အဖေ့မေတ္တာတုနှိုင်းမရ” တရားတော်ဖြင့် တရားရေအေး တိုက်ကျွေးပေးသည်။ ထို့နောက် အလှူရှင်များက ဆရာတော်အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတို့အတွက် အသုံးပြုနိုင်ရန် လှူဒါန်းမှုပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများနှင့် ဝတ္ထုငွေများ၊ သင်္ကန်းအစရှိသော လှူဖွယ်များကို လှူဒါန်းပေးကြရာ ဆရာတော်က လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည် ။

ကျွန်တော်တို့က ကျေးဇူးရှင်အဖေကြီးများအား နှစ်စဉ်ကျင်းပပေးနိုင်ခဲ့ပါကြောင်း၊ ကျွန်တော်တို့လူငယ်များဟာ အဖေသည်သာ အဖေ၊ မြတ်သောအဖေဟူသော ဆောင်ပုဒ်နှင့်အညီ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့ “မြင့်မြတ်ပါရမီ” အဖေကြီးများပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့ကဆိုရင် ကျေးရွာအတွင်းရှိ အိမ်များသို့ တစ်အိမ်တက်တစ်အိမ်ဆင်း သွားရောက်ပြီး အဖေကြီးများကို ပူဇော်ကန်တော့နိုင်ရေး လှည့်လည်အလှူခံ ဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် ယခင်နှစ်များထက် အသက်အရွယ်ကြီး ကျေးဇူးရှင်အဖေကြီးများအား တိုးပွား၍ ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖေများနေ့ကော်မတီ ဦးစံလွင်၏ ပြောကြားချက်အရ သိရသည်။

ရဲတင့်(ပြန်/ဆက်)