ပေါင်မြို့နယ်၌ အခြေခံမူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်(မြို့နယ်အဆင့်) သင်တန်းဖွင့်လှစ်

ပေါင် မတ် ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံမူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၈) နာရီခွဲအချိန်က အ.ထ.က ပေါင် ရွှေရတုခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပေါင်မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက မူလတန်း အဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းညွှန့်တင်က အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းသို့ ပေါင်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၆၂) ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၉၀၅) ဦးတို့တက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၆၀) ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံဘာသာရပ် (၅) ခု အားလည်းကောင်း၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းသို့ အခြေခံပညာကျောင်း (၆၂) ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၃၇၈) ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၂၄) ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သိပ္ပံ၊ သမိုင်းဘာသာရပ် (၆) ခုအား သင်ခန်းစာပြင်ဆင်ခြင်း၊ စာတွေ့လက်တွေ့သင်ကြားခြင်း၊ သင်ထောက်ကူ ပစ္စည်းအသုံးပြုခြင်း၊ ပြန်လည်ဆွေးခြင်းနှင့် မေးခွန်းလွှာများပြုစုခြင်းတို့ကို နေ့စဥ် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ (၆) ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)